ဦးနှောက်ခွဲစိတ်ကုသတာ ၁၅ ရက်ကြာသည်အထိ သတိပြန်မလည်လာပဲ စိုးရိမ်နေရတဲ့ ဟာသသရုပ်ဆောင်ဦးမန်းဝင်း

ဟာသသရုပ်ဆောင်ဦးမန်းဝင်းအနေနဲ့ ဦးနှောက်ခွဲစိတ်ကုသမှုခံယူထားတာ ၁၅ ရက် နီးပါး ကြာမြင့်တဲ့အချိန်အထိ သတိပြန်မလည်လာသေးပဲ စိုးရိမ်ရတဲ့ အနေအထားဖြစ်နေတယ်လို့ သိရပါတယ်။

ဦးမန်းဝင်းရဲ့ ရောဂါအခြေအနေ မသက်သာတာကြောင့် သမီးဖြစ်သူ ဟေမာမန်းဝင်းတစ်ယောက် ဆေးရုံပေါ်မှာ ရှိနေတဲ့ ဦးမန်းဝင်းအတွက် ဘုန်းကြီးပင့်ပြီး ပရိတ်ရွတ်ဖတ်မှုတွေ ပြုလုပ်ပေးနေတာဖြစ်ပြီး စိုးရိမ်မှုတွေလည်း အတော်လေး ရှိနေရပြီလို့ သူမက ဆိုထားပါတယ်။

ဦးမန်းဝင်းဟာ မကြာခဏကျောက်ကပ်ဆေးနေရသူဖြစ်ပြီး ကျောက်ကပ်ဆေးပြီး ပြန်လာတဲ့တစ်ရက်မှာ ယိုင်လဲသွားခဲ့ရင်း တစ်ခုခုနဲ့ခေါင်းကိုဆောင့်မိခဲ့ရာကနေ အဆိုပါနေရာက သွေးခဲပြီး လေဖြန်းချင်သလို ဖြစ်နေခဲ့တာကြောင့် ပင်လုံဆေးရုံကြီးမှာ ဦးနှောက်သွေးခဲမှုအတွက် ခွဲစိတ်မှုခံယူခဲ့တာဖြစ်ပါတယ်တဲ့၊ ဦးနှောက်ခွဲစိတ်မှုက အောင်မြင်ခဲ့ပြီး ခွဲခန်းကအထွက်မှာ အားလုံးကို မှတ်မိကြောင်း၊ ဒီနေ့ခွဲပြီး နောက်နေ့မှာ ကျောက်ကပ် မဖြစ်မနေဆေးရမယ့်ရက်ဖြစ်လို့ သွားဆေးခဲ့အပြီး ပြန်အလာမှာ ခြေကုန်လက်ပမ်းကျပြီး မျက်လုံးမဖွင့်တော့သလို ဖြစ်နေခဲ့ကြောင်း၊ ဒါကြောင့် ဆေးရုံက သူခံနိုင်ရည်မရှိမှာစိုးလို့ ဆေးရုံက အိပ်ဆေးနည်းနည်းထည့်ပေးခဲ့ကြောင်း၊ အိပ်ဆေးအရှိန်ကြောင့် တစ်ညလုံးတစ်နေ့လုံးမေးလို့လည်းမရ ၊ ခေါ်လို့မရဖြစ်ခဲ့ကြောင်း၊ ဒီအတွက် မိသားစုအားလုံးက ပိုပြီး စိုးရိမ်ခဲ့ကြရကြောင်း။ လက်ရှိအချိန်မှာတော့ မေးရင်ပြန်ပြီး အင်းဘာညာပြန်ထူးကြောင်း ယောက်ဖဖြစ်သူ လူရွှင်တော်ဦးငြိမ်းချမ်းက ပြောပြပါတယ်။

ဦးငြိမ်းချမ်းက ” ဒီရောဂါအခြေအနေကို ဆရာဝန်ကြီးတွေရဲ့ ပြောပြချက်အရကတော့ အခု ဦးနှောက်ထဲက သွေးတွေကို ဖောက်ထုတ်လိုက်တယ်၊ အခုပိုက်ဖြုတ်လိုက်တော့ လေနည်းနည်းခိုနေတယ်၊ ဒါကြောင့် တစ်ပတ်လောက်တော့ စောင့်ကြည့်ရမယ်လို့ ပြောတယ်၊ ဒီလိုခွဲစိတ်မှုတွေက ဒီလိုပဲ ဖြစ်တတ်တယ်လို့ ပြောပါတယ်။ တချို့ဆို လေးပတ်လောက်ထိ စောင့်ကြည့်ပြီးမှ ကောင်းတာမျိုးလည်းရှိတယ်၊ အခုကရောဂါအခြေအနေက အားလုံးကောင်းတယ်၊ ပြန်ကောင်းမယ်လို့လည်း ဆရာဝန်ကြီးတွေက တာဝန်ယူတယ်၊ ဦးမန်းဝင်းကတော့ ဒီတစ်ပတ်နဲ့မကောင်းသေးပေမယ့် နောက် ၂ပတ်၊ ၃ပတ်လောက်အထိ စောင့်ကြည့်ရဦးမှာပါလို့ ” ရှင်းပြပါတယ်။

ဦးမန်းဝင်းတစ်ယောက် ပြီးခဲ့တဲ့ ဇွန်လ ၁ရက်နေ့မှာ ရုတ်တရက် ဦးနှောက်သွေးယိုစိမ့်မှု ဖြစ်လာခဲ့လို့ ပင်လုံဆေးရုံကြီးမှာ ဦးခေါင်းခွဲစိတ်ကုသမှုခံယူခဲ့ရတာပါ။ ဒါပေမယ့် ခွဲစိတ်အပြီး သတိပြန်လည်လာခြင်းမရှိဘဲ အိပ်ပျော်နေခဲ့တာကြောင့် ICU ထဲမှာ ပဲ ရှိနေခဲ့ရတာဖြစ်ပါတယ်။ ဆေးရုံတက်နေရတဲ့ ဦးမန်းဝင်းအတွက် ရန်ကုန်လူရွှင်တော်အသင်းမှ ငွေကျပ် ၁သိန်းကို လှူဒါန်းပေးခဲ့တာတွေ့ရပြီး အခြားသော အနုပညာရှင်ညီအစ်ကို မောင်နှမတွေကလည်း တတ်နိုင်သမျှ ဝိုင်းဝန်းလှူဒါန်းပေးခဲ့ကြတာပါ။

ဟေမာမန်းဝင်းက သူမရဲ့ ဖေ့ဘုတ်မှာ” ဖေကြီးခံစားနေရတဲ့ ရောဂါတွေမကြည့်ရက်ပါဘူး အဖေရယ်၊ ဖေကြီးရယ် သမီးမှာ မိဘကိုနှစ်ယောက်လုံးကို ပြုစုလုပ်ကျွေးနေတဲ့ သမီးကြီးလေ၊ ငပေါမကြီးလို့ မပြောနိုင်တော့ပါဘူး၊ သမီးစိတ်တွေ မဖြေနိုင်ဘူး ဒါပေမယ့် အမေ့အတွက် အားတင်းထားပါတယ်” လို့ ရေးသားထားတာတွေ့ရပါတယ်။

တစ်ချိန်က ပြည်သူ့အချစ်တော် ဟာသသရုပ်ဆောင် ဦးမန်းဝင်းတစ်ယောက် အမြန်ဆုံးပြန်လည်သက်သာပါစေလို့ ဆုတောင်းပေးလိုက်ရပါတယ်။

MYmedia

Leave a Reply

Your email address will not be published. Required fields are marked *